မီဒီယာအရင်းအမြစ်
ဖက်ဒရယ်စနစ်သည် မတူညီသောအစိုးရအဆင့်များအကြား လုပ်ပိုင်ခွင့်အာဏာမျှဝေခြင်းနှင့်ခွဲဝေခြင်းနှစ်ခုစလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာယန္တရားတစ်ရပ်ဖြစ်သည်။ ဖက်ဒရယ်နိုင်ငံတွင် ပြည်နယ်များ၊ တိုင်းဒေသကြီးများ သို့မဟုတ် စီရင်စုများကဲ့သို့သော နယ်မြေများသည် သဘောတူညီထားသောစည်းမျဥ်းများနှင့်အညီ ဗဟိုအဆင့်၌ အာဏာများကိုခွဲဝေသကဲ့သို့ များပြားသော ဖွဲ့စည်းပုံအခြေခံဥပဒေအရအာမခံထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုရရှိသည်။
အင်တာနေရှင်နယ်အိုင်ဒီယာ၏ MyConstitution အစီအစဉ်အနေဖြင့် ဖက်ဒရယ်စနစ်၏အခြေခံသဘောတရားနှင့် အဓိကအစိတ်အပိုင်းများ၊ ဖက်ဒရယ်စနစ်နှင့်ဗဟိုချုပ်ကိုင်မှုလျော့ချရေးအကြားရှိခြားနားချက်များ၊ ဖက်ဒရယ်စနစ်၏အားသာချက်နှင့်အားနည်းချက်များ၊ ဘဏ္ဍာရေးဖက်ဒရယ်စနစ်နှင့်ပတ်သက်သော အသေးစိတ်ကိစ္စရပ်များ၊ ဖက်ဒရယ်နိုင်ငံရှိတရားစီရင်ရေးကဏ္ဍဖွဲ့စည်းပုံနှင့်အငြင်းပွားမှုဖြေရှင်းခြင်း၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့် မတူညီသောအစိုးရအဆင့်အကြားပေါင်းစပ်ညှိနှိုင်းခြင်းစသော အကြောင်းအရာများကိုမိတ်ဆက်ထားသည့် ပို့ချချက်နှင့်ပါဝါပွိုင့်တင်ပြချက်ကိုထုတ်လုပ်လိုက်ပါသည်။
ဤသင်ပုန်းဖြူကာတွန်းဗီဒီယိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးလုပ်ငန်းစဉ်များကိုပံ့ပိုးရာမှာ အင်တာနယ်ရှင်နယ်အိုင်ဒီယာ၏ နိုင်ငံရေးနီတိအသိပညာမျှဝေရေး အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းဆိုင်ရာ အခြေခံသဘောတရားများကို ပညာရှင်မဟုတ်သောသူများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဘာလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုရေးဆွဲသလဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုရဲ့ဘဝတွေနဲ့ဘယ်လိုဆက်စပ်သလဲဆိုတာကို နားလည်နိုင်စေရန်အဓိကထားရှင်းပြထားသည်။ ဤဗီဒီယိုကို အွန်လိုင်းပေါ်တွင်ကြည့်ရှုခြင်းနှင့်လူမှုမီဒီယာမှတဆင့်မျှဝေခြင်းတို့လုပ်ဆောင်နိုင်ရန် ဒီဇိုင်းလုပ်ထားသော်လည်း ဤအကြောင်းအရာပေါ်အခြေခံကာ ပိုမိုတဲ့ ဆွေးနွေးမှုများနှင့်လုပ်ဆောင်မှုများကို ပြုလုပ်နိုင်စေရန်ကောင်းမွန်သော အထွေထွေမိတ်ဆက်ရှင်းလင်းမှုအဖြစ် အလုပ်ရုံဆွေးနွေးပွဲ (သို့) ဆွေးနွေးနှီးနှောဖလှယ်ပွဲကဲ့သို့သော အခင်းအကျင်းများတွင်လည်း အသုံးပြုနိုင်ပါသည်။ အဓိကအချက်အလက်များ- ကျွန်ုပ်တို့သည် အစိုးရကိုလိုအပ်သော်လည်း ပြည်သူလူထုကို အလုပ်အကျွေးပြုရန်အတွက် အစိုးရကိုထိန်းချုပ်ရမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရကိုပင်စည်းနှောင်ထားသည့် အမြင့်ဆုံးဥပဒေဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အာဏာကို စုစည်းပြီးထိန်းချုပ်ထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံနှင့် နိုင်ငံသားများ၏ အခွင့်အရေးကိုသတ်မှတ်သည်။ ဒီမိုကရေစီစနစ်တွင် အခြေခံအားဖြင့် ပြည်သူလူထုသာလျှင် အစိုးရကို ထိန်းချုပ်သူဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေကသေချာစေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေများသည် “ကျွန်ုပ်တို့ပြည်သူလူထု” မှ ရေးဆွဲထားသည်ဟုဆိုလေ့ရှိသော်လည်း အဲဒါကမည်သူကိုဆိုလိုပါသနည်း။ ဤဗီဒီယိုသည် ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေများကို မည်သို့ရေးဆွဲထားသည်ကို ရိုးရှင်းစွာမိတ်ဆက်ပေးထားသည်။ ကျယ်ပြန့်သည့်သဘောတူညီမှုနှင့် ပြည်သူလူထု၏ ထောက်ခံမှုသည် အောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်ကြောင်းကို အလေးပေးထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထု (လူနည်းစုနှင့်ဖယ်ကျဥ်ခံလူများအပါအဝင် ပြည်သူလူထုအားလုံး) များပါဝင်နိုင်သည့် နည်းလမ်းများကို ဆွေးနွေးထားသည်။ ယင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွေးရေးအဖွဲ့ကိုယ်စားလှယ်တွင် အားလုံးပါဝင်သောအဖွဲ့ဝင်နည်းလမ်းဖြင့် သော်လည်းကောင်း ပိုမိုကျယ်ပြန့်သည့်လူ့အဖွဲ့အစည်းအတွင်း စနစ်ကျတဲ့ပြည်သူ့ထိဆွေ့ဆက်ဆံမှုနှင့်ဆွေးနွေးမှုများမှလည်းကောင်း လုပ်ဆောင်နိုင်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ကျယ်ပြန့်သည့်သဘောတူညီချက်များကိုတည်ဆောင်ရန် ဆွေးနွေးမှုများ၊ ညှိနှိုင်းမှုများနှင့် အပေးအယူများ အများအပြားပါဝင်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းစဉ်သည် နှစ်ပေါင်းများစွာကြာနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှုမူကြမ်းမစတင်မီ အကြိုဆွေးနွေးမှုများဖြင့် စတင်နိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုပြီးနောက် အကောင်အထည်ဖော်ဆောင်မှုအဆင့်တလျှောက်တွင်လည်း ဆက်လက်လုပ်ဆောင်နေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အောင်မြင်သောအဆုံးသတ်မှုဖြစ်ပေါ်ရန်အတွက် လုပ်ငန်းစဉ်အဆင့်များကို ဂရုတစိုက်အစီအစဉ်ရေးဆွဲရန် နှင့် အားလုံးပါဝင်သော သဘောတူညီမှုဖြစ်ရန် အရေးကြီးသည်။
ဤဗီဒီယိုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မည်သည့်အတွက်ကြောင့်အရေးကြီးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲ၏အကျိုးသက်ရောက်မှုများကို နားလည်ရလွယ်ကူတဲ့ဝေါဟာရများဖြင့် ဆွေးနွေးထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအပြောင်းအလဲသည် လူမှုအသိုင်းအဝိုင်း၏ပြဿနာများအားလုံးကို ဖြေရှင်းမပေးနိုင်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်၏ အကျိုးကျေးဇူးများသည် များသောအားဖြင့် ရေရှည်နှင့်သွယ်ဝိုက်သောနည်းဖြင့် ဖြစ်ကြောင်းအသိအမှတ်ပြုထားသည်။ သို့သော်လည်း ပုံပြင်ဆန်တဲ့ ‘Ruritania’ ဥပမာသုံး၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲသည် ဒီမိုကရေစီစနစ်၊ ဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးများ နှင့်ကောင်းမွန်သောအုပ်ချုပ်ရေးလုပ်ဆောင်မှုများအတွက် အရေးကြီးသောတိုးတက်မှုများကို လုပ်ဆောင်နိုင်ကြောင်း ပြသထားသည်။ ယင်းသည် လူ့အဖွဲ့အစည်း၏အကျိုးကျေးဇူးအတွက် လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုရန် အာဏာကိုကျင့်သုံးနိုင်စွမ်းနှင့်ဆန္ဒကို မြှင့်တင်ပေးပြီး ယင်းမှတဆင့် စီးပွားရေးအရေးကိစ္စများ၊ ပြည်သူဝန်ဆောင်မှုများနှင့်နေ့စဉ်မူဝါဒများကို သက်ရောက်မှုရှိစေသည်။ ထို့ကြောင့် အချိန်နှင့်အမျှကောင်းမွန်စွာနှင့် ရေရှည်တည်တံ့စွာလုပ်ဆောင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထု၏ဘဝများကို ပြောင်းလဲစေနိုင်သည်ဟု ပြောဆိုကြသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းဆွေးနွေးကြစို့” ကာတွန်းဗီဒီယိုကို လူငယ်ပရိသတ်များနှင့် ကျွမ်းကျင်ပညာရှင်မဟုတ်သော ပရိသတ်များအနေဖြင့် နားလည်ရန်ခက်ခဲလှသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သဘောတရားများကို ပေါ့ပေါ့ပါးပါးနှင့် စိတ်၀င်စားဖွယ်ရာကောင်းသော နည်းလမ်းဖြင့်လေ့လာနိုင်စေရန် တင်ပြထားပါသည်။ လူငယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို နားလည်စေရန်နှင့် ထိုမှတဆင့် မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ရေးလုပ်ငန်းများတွင် လူငယ်များ ပြည့်ပြည့်၀၀ အဓိပ္ပါယ်ရှိရှိ ပါ၀င်မှုကို ဖော်ဆောင်ရန် ရည်ရွယ်ကာ ဤကာတွန်းဗီဒီယိုအား ပြုစုခဲ့ခြင်းဖြစ်ပါသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲ” အစရှိသည့် အဓိကကျသော မေးခွန်းများ၏ အဖြေများကို ရှင်းလင်းတင်ပြနိုင်ရန် ကြွကြွရွရွရုပ်ပုံများ၊ လက်တွေ့ပတ်ဝန်းကျင်နှင့်ဆက်စပ်နိုင်သော ဇာတ်ကောင်များနှင့် နားလည်ရလွယ်ကူသော စကားလုံးများ အသုံးပြုကာ ဤ “ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းဆွေးနွေးကြစို့” ကာတွန်းဗီဒီယိုကို သရုပ်ဖော်ထားပါသည်။ ဤကာတွန်းစာအုပ်သည် လူငယ်၊ လူကြီးမကျန် စိတ်၀င်တစား ဖတ်ရှုနိုင်သော အသိပညာပေး စာအုပ်ဖြစ်သည့်အားလျော်စွာ လူငယ်ပညာရေးစင်တာများ၏ သင်ရိုးညွှန်းတမ်းများတွင်သာမက ပြည်သူ့နီတိပညာရပ်များ ပို့ချပေးနေသော အစိုးရမဟုတ်သောအဖွဲ့အစည်းများမှလည်း အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံ၏ စာဖတ်ပရိသတ်များအတွက် ရည်ရွယ်ရေးထားသည့်အတွက် ကာတွန်းဇာတ်ကောင်များ၊ ဆွေးနွေးသည့်အကြောင်းအရာများကို မြန်မာနိုင်ငံအခြေအနေနှင့် လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ထားပါသည်။ မြန်မာနိုင်ငံအတွက် ပြင်ဆင်ရေးသားထားခြင်းဖြစ်သော်လည်း ဤကာတွန်းစာအုပ်တွင် ပါဝင်သောအကြောင်းအရာများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပက်သက်၍ သင်ကြားမှု၊ သင်ယူမှုများကို စိတ်ပါ၀င်စားသော ကမ္ဘာအရပ်ရပ်မှ ပရိသတ်များအတွက်လည်း သင့်လျော်ပါသည်။
ဥပဒေပြုလွှတ်တော်သည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့နှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စနစ်တိုင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဥပဒေပြုလွှတ်တော်သည် ဥပဒေများရေးဆွဲခြင်း ဘတ်ဂျက်များကို အတည်ပြုခြင်းတို့ကိုလုပ်ဆောင်ပြီး ယင်းတို့ကိုအုပ်ချုပ်ရေးက အကောင်အထည်ဖော်ခြင်းနှင့် တရားစီရင်ရေးက အဓိပ္ပါယ်ဖွင့်ဆိုခြင်းတို့လုပ်ဆောင်သည်။ ဤအာဏာများကို ဟန်ချက်ညီညီ ထိန်းညှိပေးခြင်းနှင့် ထိရောက်သော ထိန်းကျောင်းခြင်းများကို သင့်တော်ကိုက်ညီစေရန်ဖော်ဆောင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲခြင်း သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးတွင် အရေးကြီးပါသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုရေးဆိုင်ရာ လက်တွေ့လမ်းညွှန်ချက်- ဥပဒေပြုရေးမဏ္ဍိုင်၏ ဒီဇိုင်းပုံစံ (အပိုင်း ၁) သည် မတူကွဲပြားသော ပြည်သူများကို အပြည့်အ၀ကိုယ်စားပြုနိုင်စေရန် ဒီမိုကရေစီဥပဒေပြုလွှတ်တော်များကို မည်ကဲ့သို့ ဒီဇိုင်းရေးဆွဲနိုင်သည်ကို လေ့လာဖော်ထုတ်ထားသည်။ ဤအပိုင်းတွင် သီးသန့်ဖယ်ထားသော ကိုယ်စားလှယ်နေရာများ၊ ကိုယ်စားလှယ်လောင်းများ၏ နေရာခွဲတမ်းများ၊ နှစ်ထပ်ကွမ်းအများစုဆန္ဒမဲပေးခြင်းစနစ်နှင့် ရွေးကောက်ပွဲစနစ်များ စသည့်အကြောင်းအရာများကိုဆွေးနွေးထားပြီး မတူကွဲပြားမှုဖြင့် စုဖွဲ့ထားသောလူ့အဖွဲ့အစည်းကို ထင်ဟပ်စေသော ဥပဒေပြုလွှတ်တော်တစ်ရပ်ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်သည်။
ပိုမိုလေ့လာရန်
https://www.idea.int/sites/default/files/publications/electoral-system-design-MY.pdf
ဤဗီဒီယိုတွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိကအစိတ်အပိုင်းများနှင့် ယင်းစနစ်ကိုရွေးချယ်ခြင်း၏ အားသာချက်များနှင့်အားနည်းချက်များကို ရှင်းပြထားသည်။ အများသူငှာနားလည်နိုင်ရန်အတွက် မကြာခဏ ရှုပ်ထွေးသည့်သဘောတရားများကို ရိုးရှင်းစေရန် ရည်ရွယ်သည်။ ဗီဒီယိုရှိ အဓိကအချက်အလက်များမှာ -
- ဖက်ဒရယ်စနစ်သည် နိုင်ငံ၏မတူညီသောအစိတ်အပိုင်းရှိ မတူညီသောလူအုပ်စုများအကြား အတူတကွနေထိုင်ရန် နည်းလမ်းပံ့ပိုးပေးသည်။
- ဖက်ဒရယ်စနစ်တွင် ဗဟိုအဆင့်နှင့် နိုင်ငံကိုပိုင်းခြားထားသော နယ်မြေဒေသများ (ဥပမာ- တိုင်းဒေသကြီး၊ ပြည်နယ်များ၊ စီရင်စုများ) ပါဝင်သော ဒုတိယအဆင့်ဆိုပြီး အနည်းဆုံးအစိုးရအဆင့်နှစ်ဆင့်ရှိသည်။
- ဖက်ဒရယ်စနစ်သည် ယင်းမတူညီသောလူအုပ်စုများအကြား ဘုံအကျိုးစီးပွားများနှင့်ဆိုင်သော အာဏာကို မျှဝေကျင့်သုံးရန် နည်းလမ်းပေးသည်သာမက ယင်းအုပ်စုများကို ကိုယ်ပိုင်အခွင့်အာဏာအတိုင်းအတာတစ်ခုနှင့် နိုင်ငံ၏ဗဟိုအဆင့် အင်စတီကျူးရှင်းများတွင်ပါဝင်မှုလည်း ရှိစေသည်။
- ဖက်ဒရယ်စနစ်သည် ဗဟိုအဆင့်၌ မည်သည့်အာဏာကို ခွဲဝေရန်သာမက ဗဟိုနှင့်စီရင်စုများ၊ ပြည်နယ်များ (သို့) တိုင်းဒေသကြီးများ၏ အာဏာနှင့်တာဝန်များခွဲဝေမှုနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အကာအကွယ်ပေးထားသည်။
- သို့သော် ဖက်ဒရယ်စနစ်သည် အရာအားလုံးကို ဖြေရှင်းပေးနိုင်သည့် စနစ်မဟုတ်ပေ။ ဥပမာအားဖြင့် လူနည်းစုများကို အကာအကွယ်ပေးမှု (သို့) ဗဟိုအဆင့်သာမက တိုင်းဒေသကြီး၊ ပြည်နယ်၊ စီရင်စုအဆင့်များတွင်လည်းအင်စတီကျူးရှင်းများတည်ဆောက်ရန်လိုအပ်သောကြောင့် ဖက်ဒရယ်စနစ်သည်အကုန်အကျများသည်ဆိုသည့် အချက်ကဲ့သို့သော စိန်ခေါ်ချက်အချို့သည် ဖက်ဒရယ်စနစ်တစ်ခုတည်းဖြင့် ဖြေရှင်းမှုမပေးနိုင်ပေ။ တစ်ခါတစ်ရံ မတူညီသောအဆင့်များအကြား ကမ္ဘာ့ကပ်ရောဂါ (သို့) သဘာဝဘေးအန္တာရယ်ကဲ့သို့သောကိစ္စရပ်များနှင့်ပတ်သက်သည့် မူဝါဒများ (သို့) မူဝါဒတုံ့ပြန်မှုများပေါင်းစပ်ညှိနှိုင်းမှုများတွင် အခက်အခဲရှိသည်။
ဤဗီဒီယိုတွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိကအစိတ်အပိုင်းများနှင့် ယင်းစနစ်ကိုရွေးချယ်ခြင်း၏ အားသာချက်များနှင့်အားနည်းချက်များကို ရှင်းပြထားသည်။ အများသူငှာနားလည်နိုင်ရန်အတွက် မကြာခဏ ရှုပ်ထွေးသည့်သဘောတရားများကို ရိုးရှင်းစေရန် ရည်ရွယ်သည်။ ဗီဒီယိုရှိ အဓိကအချက်အလက်များမှာ - - ဖက်ဒရယ်စနစ်သည် နိုင်ငံ၏မတူညီသောအစိတ်အပိုင်းရှိ မတူညီသောလူအုပ်စုများအကြား အတူတကွနေထိုင်ရန် နည်းလမ်းပံ့ပိုးပေးသည်။ - ဖက်ဒရယ်စနစ်တွင် ဗဟိုအဆင့်နှင့် နိုင်ငံကိုပိုင်းခြားထားသော နယ်မြေဒေသများ (ဥပမာ- တိုင်းဒေသကြီး၊ ပြည်နယ်များ၊ စီရင်စုများ) ပါဝင်သော ဒုတိယအဆင့်ဆိုပြီး အနည်းဆုံးအစိုးရအဆင့်နှစ်ဆင့်ရှိသည်။ - ဖက်ဒရယ်စနစ်သည် ယင်းမတူညီသောလူအုပ်စုများအကြား ဘုံအကျိုးစီးပွားများနှင့်ဆိုင်သော အာဏာကို မျှဝေကျင့်သုံးရန် နည်းလမ်းပေးသည်သာမက ယင်းအုပ်စုများကို ကိုယ်ပိုင်အခွင့်အာဏာအတိုင်းအတာတစ်ခုနှင့် နိုင်ငံ၏ဗဟိုအဆင့် အင်စတီကျူးရှင်းများတွင်ပါဝင်မှုလည်း ရှိစေသည်။ - ဖက်ဒရယ်စနစ်သည် ဗဟိုအဆင့်၌ မည်သည့်အာဏာကို ခွဲဝေရန်သာမက ဗဟိုနှင့်စီရင်စုများ၊ ပြည်နယ်များ (သို့) တိုင်းဒေသကြီးများ၏ အာဏာနှင့်တာဝန်များခွဲဝေမှုနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အကာအကွယ်ပေးထားသည်။ - သို့သော် ဖက်ဒရယ်စနစ်သည် အရာအားလုံးကို ဖြေရှင်းပေးနိုင်သည့် စနစ်မဟုတ်ပေ။ ဥပမာအားဖြင့် လူနည်းစုများကို အကာအကွယ်ပေးမှု (သို့) ဗဟိုအဆင့်သာမက တိုင်းဒေသကြီး၊ ပြည်နယ်၊ စီရင်စုအဆင့်များတွင်လည်းအင်စတီကျူးရှင်းများတည်ဆောက်ရန်လိုအပ်သောကြောင့် ဖက်ဒရယ်စနစ်သည်အကုန်အကျများသည်ဆိုသည့် အချက်ကဲ့သို့သော စိန်ခေါ်ချက်အချို့သည် ဖက်ဒရယ်စနစ်တစ်ခုတည်းဖြင့် ဖြေရှင်းမှုမပေးနိုင်ပေ။ တစ်ခါတစ်ရံ မတူညီသောအဆင့်များအကြား ကမ္ဘာ့ကပ်ရောဂါ (သို့) သဘာဝဘေးအန္တာရယ်ကဲ့သို့သောကိစ္စရပ်များနှင့်ပတ်သက်သည့် မူဝါဒများ (သို့) မူဝါဒတုံ့ပြန်မှုများပေါင်းစပ်ညှိနှိုင်းမှုများတွင် အခက်အခဲရှိသည်။
မတူညီသောအစိုးရအဆင့်များအကြား လုပ်ပိုင်ခွင့်အာဏာမျှဝေခြင်းနှင့် ခွဲဝေခြင်း နှစ်ခုစလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ယန္တရားတစ်ရပ်ဖြစ်သည်။ ဖက်ဒရယ်နိုင်ငံတွင် ပြည်နယ်များ၊ တိုင်းဒေသကြီးများ သို့မဟုတ် စီရင်စုများကဲ့သို့သောနယ်မြေများသည် သဘောတူညီထားသောစည်းမျဥ်းများနှင့်အညီ ဗဟိုအဆင့်၌ အာဏာများကိုခွဲဝေသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံထားသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကိုရရှိသည်။ အင်တာနေရှင်နယ်အိုင်ဒီယာ၏ MyConstitution အစီအစဉ်အနေဖြင့် ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားနှင့် အဓိကအစိတ်အပိုင်းများ၊ ဖက်ဒရယ်စနစ်နှင့်ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအကြားရှိခြားနားချက်များ၊ ဖက်ဒရယ်စနစ်၏အားသာချက်နှင့် အားနည်းချက်များ၊ ဘဏ္ဍာရေးဖက်ဒရယ်စနစ်နှင့်ပတ်သက်သော အသေးစိတ်ကိစ္စရပ်များ၊ ဖက်ဒရယ်နိုင်ငံရှိတရားစီရင်ရေးကဏ္ဍဖွဲ့စည်းပုံနှင့် အငြင်းပွားမှုဖြေရှင်းခြင်း၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့် မတူညီသောအစိုးရအဆင့်အကြားပေါင်းစပ်ညှိနှိုင်းခြင်း စသောအကြောင်းအရာများကိုမိတ်ဆက်ထားသည့် ပို့ချချက်နှင့်ပါဝါပွိုင့်တင်ပြချက်ကိုထုတ်လုပ်လိုက်ပါသည်။
အင်တာနေရှင်နယ်အိုင်ဒီယာ၏မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံဖြစ်သော Marcus Brand မှ အင်တာနေရှင်နယ်အိုင်ဒီယာ၏ နီပေါနိုင်ငံရှိ အကြီးတန်းအကြံပေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှေ့နေဖြစ်သော Budhi Karki နှင့်တွေဆုံပြီး နီပေါနိုင်ငံ၏ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အစပြုခြင်းနှင့်အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်မှ သင်ခန်းစာများနှင့်အတွေ့အကြုံများကို ဆွေးနွေးထားပါသည်။ နီပေါနိုင်ငံ၏အတွေ့အကြုံတွင် ဒီမိုကရေစီအင်အားစုများမောင်းနှင်သည့် အသွင်ကူးပြောင်းရေးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလုပ်ငန်းစဉ်အနေဖြင့် မြန်မာနိုင်ငံအတွက် အသုံးဝင်သောသင်ခန်းစာများ ပါဝင်ပါသည်။
ဘဏ္ဍာရေးဆိုင်ရာဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဆိုတာ ဘာလဲ။ဘဏ္ဍာရေးဆိုင်ရာဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း ဆောင်ရွက်ရာတွင်နှင့် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ထင်ဟပ်တဲ့ ပြည်သူ့ဝန်ဆောင်မှုများ ပေးစွမ်းရာတွင် ဒေသန္တရအစိုးရဖွဲ့စည်းမှုပုံစံတွေနဲ့ ဥပဒေမူဘောင်တွေဟာ မည်ကဲ့သို့ အရေးပါလဲ။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊တာဝန်ခံမှုတွေကရော ဒေသန္တရအစိုးရလုပ်ဆောင်လည်ပတ်ရာမှာ ဘယ်လိုအရေးပါသလဲ။ စစ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်တွင် ဖော်ပြပါရှိသည့် လမ်းပြမြေပုံနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဆီသို့ လျှောက်လှမ်းနေသည်ဖြစ်ရာ ဤ မေးခွန်းများသည် ကြားကာလအစိုးရအင်စတီကျူးရှင်းအဆင့်အားလုံးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူများအားလုံး ထည့်သွင်းစဥ်းစားရမည့် အဓိကကျသော မေးခွန်းများဖြစ်ပါတယ်။
ဤဗီဒီယိုတွင် International IDEA မြန်မာအစီအစဥ်၏ အကြီးအကဲ မားကပ်စ်ဘရန်းက အာရှဒေသတွင်းနိုင်ငံများ၏ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် ရော်ဂျာရှောင်တန်ကို ဘဏ္ဍာရေးဆိုင်ရာဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဒေသန္တရအုပ်ချုပ်ရေး၊ မြန်မာနိုင်ငံ၏ ပြည်နယ်ဖွဲ့စည်းမှုပုံစံများ၊ အာရှပစိဖိတ်ဒေသတွင်းရှိ အခြားသော နိုင်ငံများမှ နှိုင်းရအတွေ့အကြုံများနှင့် စပ်လျဥ်းပြီး မေးမြန်းထားပါတယ်။
အုပ်ချုပ်ရေးမဏ္ဍိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အင်စတီကျူးရှင်း ဆိုင်ရာဒီဇိုင်း ပုံစံအတွက် အဓိကကျသော အစိုးရ၏မဏ္ဍိုင်သုံးခုအနက်မှ တစ်ခုဖြစ်ပါသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသည့် အစိုးရ၏မဏ္ဍိုင်သုံးခုအကြား အာဏာခွဲဝေမှုနှင့် ထိုမဏ္ဍိုင်သုံးခုအကြား အပြန်အလှန်ဆက်နွယ်နေမှုများသည် ဤသို့ ဖွဲ့စည်းမှုတစ်ခုဖော်ဆောင်ရန်အတွက် အဓိကကျသော အခြေခံသဘောတရားများ ဖြစ်ပါသည်။
အစိုးရစနစ်များနှင့်ယင်းစနစ်တစ်ခုစီ၏အားသာချက်အားနည်းချက်များကိုလေ့လာသင်ယူရန်အတွက် ကျွန်ုပ်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း လက်တွေ့လမ်းညွှန် - အုပ်ချုပ်ရေးမဏ္ဍိုင်၏ ဒီဇိုင်းပုံစံသတ်မှတ်မှု (အပိုင်း ၁) ကိုကြည့်ရှုပါ။
ပိုမိုလေ့လာရန်-
အုပ်ချုပ်ရေးမဏ္ဍိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အင်စတီကျူးရှင်း ဆိုင်ရာဒီဇိုင်း ပုံစံအတွက် အဓိကကျသော အစိုးရ၏မဏ္ဍိုင်သုံးခုအနက်မှ တစ်ခုဖြစ်ပါသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသည့် အစိုးရ၏မဏ္ဍိုင်သုံးခုအကြား အာဏာခွဲဝေမှုနှင့် ထိုမဏ္ဍိုင်သုံးခုအကြား အပြန်အလှန်ဆက်နွယ်နေမှုများသည် ဤသို့ ဖွဲ့စည်းမှုတစ်ခုဖော်ဆောင်ရန်အတွက် အဓိကကျသော အခြေခံသဘောတရားများ ဖြစ်ပါသည်။
အုပ်ချုပ်ရေးအစိုးရနှင့်ဗဟိုချုပ်ကိုင်မှုလျော့ချရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီဇိုင်းပုံစံရွေးချယ်စရာများကို ပုံဖော်ထားသည့် ကျွန်ုပ်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း လက်တွေ့လမ်းညွှန် - အုပ်ချုပ်ရေးမဏ္ဍိုင်၏ ဒီဇိုင်းပုံစံသတ်မှတ်မှု (အပိုင်း ၂) ကိုကြည့်ရှုပါ။
ပိုမိုလေ့လာရန်-
အုပ်ချုပ်ရေးမဏ္ဍိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အင်စတီကျူးရှင်း ဆိုင်ရာဒီဇိုင်း ပုံစံအတွက် အဓိကကျသော အစိုးရ၏မဏ္ဍိုင်သုံးခုအနက်မှ တစ်ခုဖြစ်ပါသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသည့် အစိုးရ၏မဏ္ဍိုင်သုံးခုအကြား အာဏာခွဲဝေမှုနှင့် ထိုမဏ္ဍိုင်သုံးခုအကြား အပြန်အလှန်ဆက်နွယ်နေမှုများသည် ဤသို့ ဖွဲ့စည်းမှုတစ်ခုဖော်ဆောင်ရန်အတွက် အဓိကကျသော အခြေခံသဘောတရားများ ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်း လက်တွေ့လမ်းညွှန် - အုပ်ချုပ်ရေးမဏ္ဍိုင်၏ ဒီဇိုင်းပုံစံသတ်မှတ်မှု (အပိုင်း ၃)ဖြစ်သော နောက်ဆုံးအပိုင်းကို ရှုကြည့်ပါ။ ဤအပိုင်းတွင် ဒီမိုကရေစီစနစ်ရှိ အုပ်ချုပ်ရေးမဏ္ဍိုင်၏လုပ်ပိုင်ခွင့်အာဏာများကို အပြန်အလှန်ထိန်းကျောင်းရန်အတွက် အင်စတီကျူးရှင်းဆိုင်ရာ ဒီဇိုင်းပုံစံရွေးချယ်စရာများကို မီးမောင်းထိုးပြထားပါသည်။
ပိုမိုလေ့လာရန်-
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် တရားမဝင်အာဏာရှင်စစ်အုပ်စု၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသော ထောင်ဒဏ်နှစ်အရေအတွက်အချို့ လျှော့ချခြင်း၏ အကြောင်းအရင်းများကို International IDEA မြန်မာအစီအစဥ်၏ အကြီးအကဲဖြစ်သော Marcus Brand သည် TVP ကမ္ဘာ့သတင်းအစီအစဥ်သို့ ဆွေးနွေးပြောဆိုထားပါသည်။
International IDEA ၏ မြန်မာအစီအစဉ်အကြီးအကဲဖြစ်သော ဒေါက်တာ Marcus Brand သည် ၂၀၂၃ ခုနှစ် မတ်လတွင် Frontier Myanmar မှစီစဉ်ကျင်းပခဲ့သည့် "ရွေးကောက်ပွဲအတွက် စစ်တပ်၏အစီအစဉ်များကို စိစစ်ခြင်း" ဆိုသည့် တံခါးပိတ်ဆွေးနွေးပွဲတွင် ဟောပြောခဲ့ပါသည်။
မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီသည့် ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်း တရားမ၀င်စစ်အစိုးရဖြစ်သော နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ (SAC) နှင့် တရားမဝင်ဖွဲ့စည်းထားသည့် စစ်တပ်၏ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်” တို့သည် ယင်းတို့ဘာသာ ‘ရွေးကောက်ပွဲ’ဟု ခေါ်သည့် အတုအယောင်အစီအစဉ်တစ်ရပ် စီစဉ်နေသည်။
ဒေါက်တာ Marcus Brand မှ စစ်တပ်၏ အစီအစဉ်သည် အဘယ်ကြောင့်တရားမဝင်ကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မည်သို့တုံ့ပြန်သင့်ကြောင်းကို ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံရှိ တရားမဝင်အာဏာသိမ်းမှု ဒုတိယနှစ်မြောက် အကြိုနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်နှင့် International IDEA တို့ပူးတွဲကျင်းပသည့် အထူးကိုယ်စားလှယ်၏ တရားမဝင်မှု - မြန်မာနိုင်ငံစစ်တပ်၏ မြန်မာအစိုးရအဖြစ်ပြောဆိုမှုနှင့် နိုင်ငံတကာ၏တုံ့ပြန်မှုအား အားဆန်းစစ်ခြင်း ဆိုသည့် နောက်ဆုံးထုတ် conference room စာတမ်းအား မိတ်ဆက်ခဲ့သည်။
ယနေ့ ကျွန်ုပ်တို့သည် လွန်ခဲ့သော ခြောက်နှစ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုံးတိုက်ခိုက်မှုများအား အောက်မေ့ပြီး လူ့အခွင့်အရေးနှင့် ခွဲခြားဆက်ဆံမှုကင်းသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုအားလုံးတွင် ၎င်းတို့အပြည့်အ၀ ပါဝင်မှုရှိစေရန်အတွက် ကတိပြုပါသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ NUG ၏ထုတ်ပြန်ချက်သည် လမ်းကြောင်းမှန်သို့ရောက်ရန် အားတက်စရာခြေလှမ်းတစ်ရပ်ဖြစ်သည်။ ယင်းသည် ဖယ်ကျဉ်ချန်လှပ်မှုအလေ့အထများနှင့် မှားယွင်းစွာထင်မြင်ယူဆအမုန်းထားမှုများကို ပြန်လည်ဖျောက်ဖျက်ရမည့် ရှည်လျားသောလုပ်ငန်းစဉ်၏ အစဖြစ်သည်။ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုတို့ကို မဖြစ်မနေဆောင်ရွက်ရမည်။ ရေရှည်ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျလူ့အဖွဲ့အစည်းတည်ဆောက်မှုတွင် နိုင်ငံသားများသည် တန်းတူညီတူပါဝင်ဆောင်ရွက်နိုင်ကာ ဂုဏ်သိက္ခာရှိစွာနှင့် အပြည့်အဝ ပြန်လည်ထူထောင်ရေးဖြစ်ရမည်။
လေးစားရပါသော ဂုဏ်သရေရှိ အမျိုးသမီးများနှင့် လူကြီးမင်းများခင်ဗျာ
ယခုကဲ့သို့ မင်္ဂလာရှိသော အခမ်းအနားတွင် ပါဝင်ပြောကြားရန်အတွက် ဖိတ်ကြားပေးပါသော ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မြန်မာနိုင်ငံလွှတ်တော်ကို ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပထမ ပြောကြားလိုပါသည်။
ကမ္ဘာတစ်ဝန်းတွင် ဒီမိုကရေစီ ထွန်းကားရန်၊ ထိန်းသိမ်းကာကွယ်ရန်နှင့် ပံ့ပိုးကူညီရန် ဆောင်ရွက်ခွင့်ရရှိထား သော အစိုးရများအကြားဖွဲ့စည်းထားသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည့် International IDEA အတွက် နိုင်ငံတကာဒီမိုကရေစီနေ့သည် နှစ်တစ်နှစ်၏ အရေးပါဆုံးအခမ်းအနားများထဲမှ တစ်ခုဖြစ်ပြီး ယနေ့တွင် တက်ရောက်ပြောကြားခွင့်ရသည့်အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါသည်။
International IDEA အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီတည်ဆောက်နိုင်ရေးအတွက် ပြည်သူပေါင်း ထောင်ချီ၏ ဆယ်စုနှစ်ပေါင်းများစွာ စွန့်လွှတ်အနစ်နာခံရမှုများ၊ အထူးသဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က မတရားသဖြင့် အာဏာသိမ်းယူရန် ကြိုးပမ်းမှုပြီးနောက် ပြည်သူများ၏ အနစ်နာခံမှုများကို အသိအမှတ်ပြုကာ လေးစားကြောင်း ဖော်ပြလိုပါသည်။
International IDEA သည် ရွေးကောက်ခံ မြန်မာလွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေး အစိုးရနှင့် NUCC တွင် ပါဝင်သည့် သက်ဆိုင်သူအသီးသီးကို ပညာရပ်ဆိုင်ရာအကြံဥာဏ်များနှင့် အကူအညီ များကို ပံ့ပိုးပေးလျက်ရှိသည်။ ဒီမိုကရေစီသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အင်စတီကျူးရှင်းအကြောင်း များသာမက စိတ်ဓာတ်ခံယူချက်၊ သဘောထားနှင့် ဆက်ဆံရေးများလည်း ပါဝင်ကြောင်း ကျွန်ုပ်တို့ နားလည်ပါသည်။ အန္တိမအားဖြင့် ဒီမိုကရေစီသည် နိုင်ငံသားများအကြားနှင့် နိုင်ငံသားများနှင့် နိုင်ငံတော် အကြား ယုံကြည်မှုအပေါ် မူတည်ပါသည်။
နွေဦးတော်လှန်ရေးသည် ဒီမိုကရေစီနည်းကျ တော်လှန်ရေးဖြစ်ပြီး ၎င်းသည် အာဏာသိမ်းမှုမတိုင်မီ တည်ရှိခဲ့ သော စနစ်ကို ပြန်လည်ရယူနိုင်ရန်သာမက လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးမှုတို့ကို အခြေခံပြီး မြန်မာနိုင်ငံ အတွင်းနေထိုင်ကြသူများ၏ မတူကွဲပြားမှုများကို အသိအမှတ်ပြုသည့် အားလုံးပါဝင်မှုရှိသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို ရည်ရွယ်သည်ဖြစ်ရာ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဤတော်လှန်ရေးကို ပံ့ပိုးကူညီပေးဖို့ရာ ဖြစ်နိုင်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်သည် ဤကဲ့သို့ ဒီမိုကရေစီအနာဂတ်အတွက် ပဓာနကျသည့် အခြေခံစာရွက် စာတမ်းဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပြီး ဤပဋိညာဥ်ပြဋ္ဌာန်းမှုဖြစ်မြောက်ရေးအတွက် NUCC နှင့် ပြည်သူ့ ညီလာခံတွင် ပါဝင်ခဲ့ကြသူများအားလုံးကို ဂုဏ်ယူပါသည်။
ဒီမိုကရေစီသည် ငြိမ်းချမ်းသော အနာဂတ်အတွက် သော့ချက်ဖြစ်ပေရာ ၎င်းသည် ရွေးကောက်ပွဲကျင်းပရေး သို့မဟုတ် ရွေးကောက်တင်မြှောက်ခံအများစုက အုပ်ချုပ်သည့်စနစ်သာ မဟုတ်ကြောင်း သိရှိနားလည်ဖို့ရန် အလွန်အရေးကြီးပါသည်။ ဒီမိုကရေစီသည် လူနည်းစုများ၏ အခွင့်အရေးများ၊ အားလုံးအပေါ် တသမတ်တည်း လွှမ်းခြုံမှုရှိသော တန်းတူညီမျှ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်သော တရားစီရင်ရေးမှတဆင့် တရားမျှတမှုကို ထိရောက်စွာ လက်လှမ်းမီရရှိနိုင်ရေး၊ သတင်းမီဒီယာလွတ်လပ်မှုနှင့် လွတ်လပ်သော စောင့်ကြည့်ထိန်းသိမ်း ရေးအင်စတီကျူးရှင်းများရှိရေးတို့ ဖြစ်သည်။ ၎င်းသည် လုပ်ပိုင်ခွင့်အာဏာကျင့်သုံးသူတိုင်းအနေဖြင့် ထိရောက်သော တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းပါဝင်မှုတို့ရှိရေးဖြစ်ပြီး အမျိုးသမီးများ စွမ်းဆောင် နိုင်မှု အားပေးမြှင့်တင်ရေးနှင့် ဂျန်ဒါတန်းတူညီမျှမှုရှိရေးတို့လည်း ပါဝင်သည်။
ယနေ့ထုတ်ပြန်ချက်များနှင့် မြန်မာနိုင်ငံမှ ခေါင်းဆောင်များ၏ ကတိကဝတ်များဖြစ်သည့် ဒီမိုကရေစီစနစ်တွင် အားလုံးပါဝင်မှုရှိရေး၊ အထူးသဖြင့် လူငယ်များနှင့် နောင်အနာဂတ် မျိုးဆက်သစ်များအတွက် အထူးဂရု ထားမှုရှိရေးကို ကြားသိရသည်မှာ အလွန်အားတက်ဖွယ်ကောင်းပါသည်။ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့် အပါအဝင် အဆင့်အားလုံးရှိ သက်ဆိုင်သူအားလုံးနှင့် အတူတကွ လက်တွဲဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံ ပြည်သူများအတွက် ဤအိပ်မက် အမှန်တကယ်ဖြစ်မြောက်ရေး လက်တွေ့အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ပါသည်။
ကျေးဇူးတင်ပါသည်။
စစ်အာဏာသိမ်းမှုအလွန် ရခိုင်ပြည်နယ် (အာရကန်) ရှိ ရိုဟင်ဂျာများ၏ အခြေအနေနှင့် အားလုံးပါဝင်မှုရှိသည့် ငြိမ်းချမ်း၍ တရားမျှတသော အနာဂတ်အတွက် အလားအလာများ - နယ်သာလန်သံအမတ်(ငြိမ်း) လစ်သီရှာဗန်ဒင်အရှူး(မ်) (Laetitia Van Den Assum) နှင့် တွေ့ဆုံမေးမြန်းခြင်း
ဆယ်စုနှစ်ပေါင်းများစွာ တစ်စထက်တစ်စ ပိုမိုဆိုးရွားစွာ ခွဲခြားဆက်ဆံဖယ်ကျဉ်ထားမှုကို ခံစားနေခဲ့ကြရသည့် ရိုဟင်ဂျာများ ဒီမိုကရက်တစ် ရခိုင်လူ့အဖွဲ့အစည်းအတွင်း မည်သို့ ပြန်လည်ပေါင်းစည်းနိုင်မည်နည်း။ ရိုဟင်ဂျာများ ရခိုင်ပြည်နယ်သို့ ရေရှည်တည်တံ့သည့် နေရပ်ပြန်ခြင်းဖြင့် ပြန်လာနိုင်စေရန် မည်သည့်အရာများ ဆောင်ရွက်ပေးရန်လိုအပ်သနည်း။ အာရကန်လွတ်မြောက်ရေးလှုပ်ရှားမှု နှင့် မြန်မာ့ကြားကာလ ဒီမိုကရက်တစ်အင်စတီကျူးရှင်းများမှ သက်ဆိုင်သူများအနေဖြင့် ရိုဟင်ဂျာများ အပြည့်အဝပြန်လည်ထူထောင်နိုင်ရေးအတွက် မည်သည့်အခန်းကဏ္ဍမှ ပံ့ပိုးကူညီနိုင်မည်နည်း။
International IDEA မြန်မာအစီအစဉ်၏ အကြီးအကဲ မားကပ်(စ်)ဘရန်းဒ် က နယ်သာလန်သံအမတ် (ငြိမ်း) နှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ လစ်သီရှာဗန်ဒင်အရှူး(မ်) (Laetitia Van Den Assum) နှင့် တွေ့ဆုံမေးမြန်းထားပြီး အနာဂတ်တွင် ငြိမ်းချမ်းသည့် အတူယှဉ်တွဲနေထိုင်မှုဖြစ်လာစေရန်အတွက် ရိုဟင်ဂျာများ ရခိုင်ပြည်နယ်သို့ ရေရှည်တည်တံ့သည့် နေရပ်ပြန်လာခြင်းဖြင့် ပြန်လာနိုင်ရေးအတွက် ကနဦးလိုအပ်ချက်များ ဖန်တီးပေးရန်၊ ရိုဟင်ဂျာ နှင့် ရခိုင်/အာရကန် အသိုက်အဝန်း နှစ်ခုကြားရှိ အပြန်အလှန် ကြောက်ရွံ့မှု၊ မယုံကြည်မှုများ ပပျောက်စေရန်၊ အတူယှဉ်တွဲခံစားခဲ့ကြရသည့်စိတ်ဒဏ်ရာများအား ကုစားနိုင်ရေးအတွက် ဆောင်ရွက်ရမည့်အဆင့်များ၊ တပြိုင်နက်တည်းတွင် ရာဇဝတ်ကြောင်းအရတာဝန်ခံမှုနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု တို့၏ အရေးပါပုံများကို အလေးပေး ဆွေးနွေးထားပါသည်။
ပိုမိုဖတ်ရှုလေ့လာနိုင်ရန်
- Towards a Peaceful, Fair and Prosperous Future for the People of Rakhine: Final Report of the Advisory Commission on Rakhine State FinalReport_Eng.indd (kofiannanfoundation.org) (English version)
- ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ပြည်သူလူထုများအတွက် ငြိမ်းချမ်းမျှတ၍ သာယာဝပြောသော အနာဂတ်ပေါ်ထွန်းလာနိုင်ရေးကို ဦးတည်လျက် - ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ Final_Report_Advisory_Commission_on_Rakhine_State_Aug2017_MMR.pdf (themimu.info) (မြန်မာဘာသာဖြင့်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ အာဏာသိမ်းမှုမတိုင်မီကပင် လူ့အခွင့်အရေးများကို ဥပဒေနှင့် နိုင်ငံတကာစာချုပ်များတွင် ထည့်သွင်းထားသော်လည်း လက်တွေ့တွင် ကျင့်သုံးမှု မရှိသလောက်ရှားပါးသည်။ မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြေခံအခွင့်အရေးဆိုင်ရာအခန်းတစ်ခန်းပါဝင်သော်လည်း ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်မှုအပြီးတွင် အားလုံး၏ တန်းတူအခွင့်အရေးကို လျစ်လျူရှုခဲ့သည်။ ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ၏ အဓိကအကြောင်းရင်းဖြစ်သည့် မညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုတို့သည် ပြည်သူလူထု၏ ဆန္ဒကို အခြေခံပြီး ၎င်းတို့အတွက် တာဝန်ထမ်းဆောင်သည့် ဒီမိုကရေစီနိုင်ငံထက် ပြည်သူလူထုအပေါ် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်နေခြင်းပင်။ ဤပြဿနာကို ယခုအချိန်ထိ လုံလုံလောက်လောက် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
နွေဦးတော်လှန်ရေးစတင်ကတည်းက စစ်တပ်၏ ဖိနှိပ်မှုများ ၊ ရက်စက်ကြမ်းကြုတ်စွာဖြိုခွင်းမှုများ ရှိနေသော်လည်း မြန်မာပြည်သူများသည် စစ်အစိုးရကို ဆန့်ကျင်ကာ ၎င်းတို့၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းနှင့် အမျိုးသားညီညွတ်ရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များစွာတွင် ဖော်ပြထားသည့်အတိုင်း အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံအတွက် ပေါ်ပေါက်လာသည့် ဖွဲ့စည်းပုံအခြေခံမူဘောင်၏ အချက်အချာတွင် အခြေခံအခွင့်အရေးများကို ထည့်သွင်းထားသည်။
ဤအချက်သည် လက်တွေ့တွင် မည်သို့အဓိပ္ပါယ်သက်ရောက်နိုင်သည်ကို ပိုမိုသိရှိလိုပါက အာဏာသိမ်းမှုမတိုင်မီနှင့် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက် ၍ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှ မြန်မာအဖွဲ့အကြီးအကဲ James Rodehaver နှင့် International IDEA ၏ မြန်မာအစီအစဉ်အကြီးအကဲ Marcus Brand တို့၏ တွေ့ဆုံမေးမြန်းမှုကို ကြည့်ရှုပါ။ ထိရောက်သော လူ့အခွင့်အရေးကာကွယ်မှုယန္တရားများမှာ အဘယ်နည်း။ အကူးအပြောင်းကာလတွင် မြန်မာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ရန် လွတ်လပ်သော တရားစီရင်ရေးစနစ် ထူထောင်ရာတွင် အခြားနိုင်ငံများထံမှ မည်သည်တို့ကို သင်ယူနိုင်သနည်း။ ပြည်တွင်းဥပဒေတွေကို နိုင်ငံတကာဥပဒေတွေနဲ့ ကိုက်ညီအောင်လုပ်ပြီး နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို အတည်ပြုရာမှာ မြန်မာနိုင်ငံက အခု ဘယ်အခြေအနေမှာရှိလဲ။
မြန်မာစာတမ်းထိုးဖြင့် ဗီဒီယိုအပြည့်အစုံကိုကြည့်ပါ။
https://www.ohchr.org/sites/default/files/Documents/Publications/ConstitutionMaking_EN.pdf
ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင် မတူကွဲပြားမှုနှင့်အားလုံးပါဝင်ရေးကို ဝန်ထုတ်ဝန်ပိုးထက် တန်ဖိုးရှိသည့်အရာအဖြစ်လက်ခံရင်း နိုင်ငံတည်ဆောက်ရာ၌လိုအပ်သောအဓိကအချက်တစ်ရပ်မှာ စည်းလုံးညီညွတ်မှုဖြစ်ပြီး နိုင်ငံ၏ အနာဂတ်အတွက် အမြော်အမြင်ရှိသော ခေါင်းဆောင်များ ပေါ်ထွန်းရေးတို့ဖြစ်သည်။ ဆယ်စုနှစ်များစွာ ဖိနှိပ်ညှဉ်းပန်းမှု၊ ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ရသည့် ဥရောပ၏ ဒီမိုကရေစီနိုင်ငံသစ်ဖြစ်သော ကိုဆိုဗိုသမ္မတနိုင်ငံသည် ယူဂိုဆလားဗီးယားပြိုကွဲမှုအပြီး အောင်မြင်သော ဒီမိုကရေစီနှင့် လွတ်လပ်သောနိုင်ငံဖြစ်လာခဲ့သည်။ ယင်းသည် ၁၉၇၄ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ယူဂိုဆလပ်၏ ဖက်ဒရယ်ယူနစ်တစ်ခု ဖြစ်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ကိုဆိုဗို၏ ရွေးကောက်ခံပါလီမန်သည် ကြားကာလ နိုင်ငံတော်အင်စတီကျူးရှင်းများကို ဖွဲ့စည်းခဲ့ပြီး အယ်လ်ဘေးနီးယားလူမျိုးစုအများစုဖြစ်သော ပြည်သူလူထုအတွက် ဝန်ဆောင်မှုများပေးအပ်ခြင်း၊ နိုင်ငံရပ်ခြားများသို့ အခြေချနေထိုင်သည့် ၄င်းတို့၏ လူမျိုးများထံမှ ရန်ပုံငွေများရှာဖွေခြင်းနှင့် ကြီးမားသောအာဏာဖီဆန်မှုလှုပ်ရှားမှုများဖြင့် ဆားဘီးယားနိုင်ငံ၏ သိမ်းပိုက်မှုကို တွန်းလှန်ခုခံခဲ့ကြသည်။ ၁၉၉၈ ခုနှစ်တွင် ကိုဆိုဗိုလွတ်မြောက်ရေးတပ်မတော် (Kosovo Liberation Army)ကို ဖွဲ့စည်းပြီး လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာကာ သိန်းနှင့်ချီသော အဓမ္မ ရွှေ့ပြောင်းမှုများနှင့်အတူ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရန်အတွက် NATO သည် ဝင်ရောက်ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံအား ကုလသမဂ္ဂ အုပ်ချုပ်မှုအောက်တွင် ထားရှိခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ကိုဆိုဗိုသည် ကြီးမားသောလူနည်းစုအခွင့်အရေးများနှင့် အားလုံးပါဝင်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ လုံခြုံရေးကဏ္ဍကို ဒီမိုကရေစီနည်းကျ ကြီးကြပ်မှုနှင့် အာဏာခွဲဝေမှုတို့ကို တင်းကျပ်စွာ ခွဲဝေပေးရန် ပြဋ္ဌာန်းထားသည့် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံ၍ လွတ်လပ်ရေးကြေညာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် နိုင်ငံပေါင်း ၁၁၇ နိုင်ငံက ကိုဆိုဗိုအား နိုင်ငံတကာဥပဒေအောက်ရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုပြီဖြစ်သည်။ ကိုဆိုဗိုနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းသွားသည့် အတွေ့အကြုံနှင့် ယင်းကူးပြောင်းမှုတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွက် သင်ခန်းစာများစွာရှိသည်။
ကိုဆိုဗိုသမ္မတနိုင်ငံ၏ ထိုင်းနိုင်ငံဆိုင်ရာ မစ်ရှင်အကြီးအကဲ Ulpiana Lama အား International IDEA ၏ မြန်မာအစီအစဉ်အကြီးအကဲဖြစ်သော ဒေါက်တာ Marcus Brand မှတွေ့ဆုံးမေးမြန်းထားသော အင်တာဗျူးကြည့်ရှုနားထောင်ရင်း ပိုမိုလေ့လာပါ။
ပိုမိုသိရှိရန်ဖတ်ပါ -
ကိုဆိုဗို၏ ဒီမိုကရေစီသည် ခရီးဝေးနှင်လာခဲ့ပြီဖြစ်သော်လည်း ထောက်ပံ့မှုလိုအပ်သည် https://www.idea.int/blog/kosovos-democracy-has-come-long-way-it-needs-support
မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံးကြုံတွေ့ခံစားနေရသည့် အာရှနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်မီက ခေတ်အဆက်ဆက် မြန်မာအစိုးရများ အနေဖြင့် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုးပမ်းမှုများရှိခဲ့သော်လည်း ၂၀၂၁ခုနှစ် အာဏာသိမ်းမှုကြောင့် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများမှာ ပိုမိုဆိုးရွားလာသည့်အပြင် အဆိုပါစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း ပိုမိုခက်ခဲသွားပါသည်။ အာဏာသိမ်းမှုနောက်ပိုင်းအခြေအနေ၌ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံတည်ထောင်ရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျ အမျိုးသားညီညွတ်ရေးအင်စတီကျူးရှင်းများ အနေဖြင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအရေးကိစ္စများကို မည်သို့ ပါဝင်ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။ မည်သည့်မူဝါဒဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ရန်လိုအပ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံကို မည်ကဲ့သို့ ကူညီပံ့ပိုးနိုင်မည်နည်း။
အပြည့်အစုံကို International IDEA မြန်မာအစီအစဉ်၏ အကြီးအကဲ မားကပ်(စ်)ဘရန်း မှ စတော့ဟုမ်းသဘာဝပတ်ဝန်းကျင်အင်စတီကျု (Stockholm Environment Institute) https://www.sei.org/centres/asia/ ၏ အာရှဆိုင်ရာညွှန်ကြားရေးမှူး နိုင်းလ်အိုကော်နား နှင့် တွေ့ဆုံမေးမြန်းထားသည့် အောက်ပါ အင်တာဗျူး ဗီဒီယိုတွင် ကြည့်ရှုလိုက်ပါ။
ပိုမိုလေ့လာနိုင်ရန်
International IDEA ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲဖြစ်သည့် Marcus Brand သည် ထိုင်းနဲ့ မြန်မာအကြားရှိ အထူးဆက်ဆံရေးနှင့်ပတ်သက်ပြီး အရှေ့တောင်အာရှတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် ထောက်ခံအားပေးသူ၊ လေးစားအပ်သော သံတမန်၊ ထိုင်းပါလီမန်အမတ်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ Kasit Piromya နှင့် တွေးခေါ်စရာပြောဆိုဆွေးနွေးမှုများကို မကြာသေးမီက ပြုလုပ်ခဲ့ပါသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဒီမိုကရေစီရေး အတူတကွတိုက်ပွဲဝင်မှုများကို ထိုင်းနိုင်ငံမှ စိန်ခေါ်မှုနှင့် အတွေ့အကြုံများကို မီးမောင်းထိုးကာ ပြောဆိုဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံအကြားရှိ တူညီမှုများနှင့် သင်ခန်းစာများအပေါ် ကောက်ချက်ချမှုနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့သည်။ ဤပြောဆိုမှုတွင် မြန်မာနိုင်ငံ၏ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ အင်စတီကျူးရှင်းများနှင့် ဒီမိုကရေစီအင်အားစုများအနေဖြင့် ထိုင်းဏာပိုင်များနှင့် ကျယ်ပြန့်သည့် ထိုင်းလူထုများနှင့် ထိရောက်သောချိတ်ဆက်ဆောင်ရွက်ရေးနှင့်ပတ်သက်သော မဟာဗျူဟာများကို မီးမောင်းထိုးပြခဲ့သည်။ မြန်မာနိုင်ငံတွင် တရားဝင်မှု၊ ထိရောက်မှုရှိသော ဒီမိုကရေစီအစိုးရ၏ အလွန်အရေးပါမှုကို အလေးထားပြောဆိုပြီး သဘာဝအရင်းအမြစ်များကို စီမံခန့်ခွဲရာတွင် အစိုးရ၏ အရေးပါသောအခန်းကဏ္ဍနှင့် ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများကို ဖော်ထုတ်ရေးသည် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားအတွက် အရေးပါပုံတို့နှင့်ပတ်သက်၍ အသိအမြင်များကို မျှဝေခဲ့ကြသည်။ ဤပြောဆိုမှုတွင် နှစ်နိုင်ငံလုံးမှ လူငယ်မျိုးဆက်သစ်များအနေဖြင့် ဒီမိုကရေစီထွန်းကားရေး ကြိုးပမ်းရာတွင် တက်ကြွစွာ ပါဝင်ပူးပေါင်းနိုင်ပုံကိုလည်း မီးမောင်းထိုးပြောဆိုခဲ့သည်။
အင်တာဗျူးအပြည့်အစုံကို အောက်တွင်ကြည့်ပါ။
Kasit Piromya ၏ Youtube Channel ကို ဤလင့်ခ်တွင် https://www.youtube.com/@KasitPiromyaYT ဝင်ရောက်ကြည့်ရှုနိုင်သည်။
“ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ယူဆောင်လာဖို့အတွက် ဒီနေ့ ကျွန်တော်တို့ မတရားမှုကို အတူတကွ စုစည်းရင်ဆိုင် တိုက်ထုတ်ရပါမယ်။...ကျွန်တော်တို့အားလုံး အတူတကွစုစည်းပြီး စည်းလုံးရမယ့် အချိန်ကောင်းလည်းဖြစ်ပါတယ်။ စည်းလုံးမှုမရှိရင်တော့ အိမ်မက်တွေ လက်တွေ့ဖြစ်လာမှာမဟုတ်ပါဘူး၊ ကျွန်တော်က ဒီလိုပဲ နားလည်ထားတယ်။”
မြန်မာ့နွေဦး (တစ်နည်း) ပြည်သူ့တော်လှန်ရေးမှာ ကရင်နီပြည်နယ်ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်အကြောင်းသိရှိဖို့ International IDEA မြန်မာ အစီအစဉ်ရဲ့ အကြီးအကဲ Marcus Brand က ကရင်နီပြည်နယ်ရဲ့ ဦးဆောင်သူတစ်ဦးနဲ့ မကြာသေးခင်ကပဲ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (KIEC) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ခူဦးရယ်က အနာဂတ်မှာပေါ်ထွန်းလာမယ့် ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံနဲ့ ကရင်နီပြည်နယ်အပေါ်ထားရှိတဲ့ ၎င်းရဲ့မျှော်မှန်းချက်များကို ဝေမျှထားတဲ့အပြင် သူ့အတွေ့ကြုံနဲ့ရင်းနှီးပြီးသိရှိလာခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုတို့ရဲ့ အရေးပါပုံ၊ ကရင်နီပြည်နယ် ကြားကာလအင်စတီကျူးရှင်းများတည်ထောင်ခဲ့စဉ်မှာ သူတွေ့ကြုံရတဲ့ စိန်ခေါ်မှုများကိုလည်း မျှဝေထားပါသေးတယ်။ ဒါ့အပြင် ကရင်နီလူမျိုးတွေနဲ့ ကရင်နီပြည်နယ်သမိုင်းကြောင်း အကျဉ်းချုပ်၊ KNPP ရဲ့ ကာလရှည်ကြာ ဖက်ဒရယ်အရေးကြိုးပမ်းမှု၊ တော်လှန်ရေးမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ အသစ်ပေါ်ထွန်းလာမယ့် ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံမှာ တင်းပြည့်ကျပ်ပြည့် ပြည်နယ်အစိုးရဖြစ်လာစေရန် ကြိုးပမ်းနေကြတဲ့ ကရင်နီလူမျိုးတွေရဲ့ အိမ်မက်၊ အဲဒီအိမ်မက် အမှန်တကယ်ဖြစ်လာစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ပါဝင်ထောက်ပံ့ကူညီပေးနိုင်ပုံအပြင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးအကြောင်းကို ဒီစကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။
မြန်မာ့နွေဦး (တစ်နည်း) ပြည်သူ့တော်လှန်ရေးမှာ ကရင်နီလူမျိုးတွေ ဘယ်လိုအောင်မြင်အောင် စွမ်းဆောင်ခဲ့ကြသလဲဆိုတာ သိရှိဖို့ ဗီဒီယိုအပြည့်အစုံကို အောက်မှာ ကြည့်ရှုလိုက်ပါ။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် နိုင်ငံတကာ နယ်စပ် ကီလိုမီတာ ၂,၄၀၀ ကျော် ထိစပ်လျက်ရှိသည်။ နယ်နိမိတ်ထိစပ်မှုမှာ မြန်မာနယ်စပ်၏ ၃၇ ရာခိုင်နှုန်းနှင့် ထိုင်းနယ်စပ်၏ ၄၂ ရာခိုင်နှုန်းဖြစ်သည်။ ရာစုနှစ်များစွာ ဘုံသမိုင်းကြောင်းမှ အစပြုကာ မကြာခဏ စိတ်သဘောထားကွဲပြား ခါးသီးသော ရန်ဘက်များ ဖြစ်ခဲ့ကြသည့် နှစ်နိုင်ငံဖြစ်သော်လည်း၊ ယနေ့ခေတ်တွင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ သန်းနှင့်ချီသော အလုပ်သမားများသာမက ထောင်ပေါင်းများစွာသော ကျောင်းသား/သူများ၊ ပညာရှင်များ၊ ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် တရားမ၀င်စစ်အုပ်ချုပ်ရေးကို တက်ကြွစွာ တွန်းလှန်နေသည့် အလွှာပေါင်းစုံမှ ပြည်သူများကို လက်ခံထားပါသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် တရားမျှတမှုရရှိရေး ကြိုးပမ်းမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းများအနက်မှ အထူးအရေးပါသည့်နေရာတွင် ရှိနေပါသည်။ ထို့ကြောင့် ထိုင်းအစိုးရ၊ ထိုင်းအစိုးရအေဂျင်စီများနှင့် ထိုင်းပြည်သူများက မြန်မာနိုင်ငံအာဏာသိမ်းမှုဖြစ်စဉ်ပြီးနောက် နွေဦးတော်လှန်ရေးကို မည်သို့ ရှုမြင်သည်ကို နားလည်ပါက အသုံးဝင်ပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖြစ် ထိုင်းလူထုကြား လူသိများပြီး ထိုင်းနိုင်ငံလွှတ်တော်ရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ Dr. Lalita Hanwong နှင့် International IDEA မြန်မာ အစီအစဉ်ရဲ့ အကြီးအကဲ Marcus Brand တို့က ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြား ဘုံသမိုင်းကြောင်းတူညီမှုနှင့် ကွဲလွဲမှုများအကြောင်း၊ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုအကြောင်းတို့ကို ဆွေးနွေးထားပါတယ်။ ကရင်နီပြည်နယ်ကဲ့သို့သော မြန်မာနယ်စပ်ပြည်နယ်များအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ ကိုလိုနီခေတ်အမွေများဆက်ခံမှုကနေ လက်ရှိလူမျိုးရေးပဋိပက္ခများအပေါ် သက်ရောက်မှု၊ မြန်မာနှင့် ထိုင်းနယ်စပ်ရှိ ရွှေ့ပြောင်းနေထိုင်သူများ၏ အခြေအနေများကိုလည်း ဆွေးနွေးထားပါတယ်။ နှစ်နိုင်ငံလုံးမှ လူငယ် မျိုးဆက်သစ်များ ဒီမိုကရေစီ ထွန်းကားရေး ကြိုးပမ်းရာတွင် အချင်းချင်း အပြန်အလှန် သင်ယူနိုင်ပုံကိုလည်း ထည့်သွင်းဆွေးနွေးထားပါတယ်။
အင်တာဗျူးအပြည့်အစုံကို အောက်တွင် ကြည့်ရှုနိုင်ပါတယ်။
ြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေသုံးရပ် ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၄၇ခုနှစ်၊ ၁၉၇၄ခုနှစ် နှင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများဖြစ်ပါသည်။ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၄၈ခုနှစ်မှ စတင်၍ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်၍ တပ်မတော်က အာဏာသိမ်းခဲ့ချိန် ၁၉၆၂ခုနှစ်အထိ အတည်ဖြစ်ခဲ့ပါသည်။ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သမ္မတဦးစန်းယုဦးဆောင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက ရေးဆွဲခဲ့ပြီး ၁၉၇၄ခုနှစ်မှ ၁၉၈၈ခုနှစ် ဆိုင်းငံ့ချိန်အထိ အတည်ဖြစ်ခဲ့ပါသည်။ ဤအချိန်ပြမျဥ်းသည် မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းစဉ်၏ အဓိကအဖြစ်အပျက်များကို တင်ပြထားပါသည်။
- မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးမျိုးကို နှိုင်းယှဥ်လေ့လာခြင်း
- ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပူးပေါင်းကော်မတီမှတင်သွင်းခဲ့သော မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာ
- ပါတီ နှင့် တပ်မတော်သားကိုယ်စားလှယ်များမှ တင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်း
- ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီမှတင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့်ဥပဒေမူကြမ်း
- ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းလေ့လာစိစစ်ရေးပူးပေါင်းကော်မတီမှတင်သွင်းသော ၂၀၀၈ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းအပေါ် လေ့လာချက်များ နှင့် တွေ့ရှိချက်များ - ၅ ရက် ဖေဖော်ဝါရီ ၂၀၂၀
- (၂၀၀၈ ) ဖွဲ့စည်းပုံအခြေခံဥပဒေမူလပြဌာန်းချက်များ၊ ပြင်ဆင်ရန်အဆိုပြုချက်များနှင့်လွှတ်တော်မဲရလဒ်များ (၄၃၆ က အတွက်) - မတ်လ ၂၀၂၀ ခုနှစ်
- (၂၀၀၈ ) ဖွဲ့စည်းပုံအခြေခံဥပဒေမူလပြဌာန်းချက်များ၊ ပြင်ဆင်ရန်အဆိုပြုချက်များနှင့်လွှတ်တော်မဲရလဒ်များ (၄၃၆ ခ အတွက်) - မတ်လ ၂၀၂၀ ခုနှစ်
မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအစီအစဥ်ကို အောက်ပါတို့မှ ကူညီပံ့ပိုးထားသည်။
ဤစာမျက်နှာရှိအကြောင်းအရာများသည် International IDEA နှင့်သာ သက်ဆိုင်ပြီး International IDEA ၏ အဖွဲ့ဝင်နိုင်ငံများနှင့်အလှူရှင်နိုင်ငံများ၏ ရှုမြင်ပုံများကို ကိုယ်စားပြုခြင်းမရှိပါ။
Comments/Questions?